ဩဂုတ် ၁၀၊ ၂၀၂၆
The Kaladan Post
ဂျပန်ယန်းငွေ တန်ဖိုး ဆက်လက် ကျဆင်းနေခြင်းနှင့် ငွေလဲနှုန်း မတည်ငြိမ်ခြင်းတို့သည် သွင်းကုန် စရိတ်များကို မြင့်တက်စေပြီး ဂျပန်စီးပွားရေးအတွက် စိန်ခေါ်မှု ဖြစ်လာနေသဖြင့် ငွေလဲနှုန်း တည်ငြိမ်စေရန် ဂျပန် လုပ်ငန်းရှင်အကြီးအကဲများက တနင်္လာနေ့ (ဩဂုတ်လ ၁၀ ရက်) တွင် တောင်းဆိုလိုက်ကြပါတယ်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်း ယန်းငွေတန်ဖိုးသည် တစ်ဒေါ်လာလျှင် ၁၆၄ ယန်းအထိ နှစ်ပေါင်း ၄၀ အတွင်း အနိမ့်ဆုံးသို့ ရောက်ရှိခဲ့သဖြင့် ဂျပန်နှင့် အမေရိကန်တို့ ပူးပေါင်းကာ ငွေကြေးစျေးကွက်အတွင်း ဝင်ရောက်စွက်ဖက်ခဲ့ရပါတယ်။ မစ်ဆူဘီရှီ အီလက်ထရစ် (Mitsubishi Electric) ၏ ဘဏ္ဍာရေးအရာရှိချုပ် ကန်အိချီရို ဖူဂျီမိုတို (Kenichiro Fujimoto) က “ယန်းငွေ တန်ဖိုးကျဆင်းတာဟာ ကိစ္စအားလုံး အဆင်ပြေနေတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး” ဟု ပြောကြားခဲ့ပါတယ်။
ဂျပန် ပြင်ပကုန်သွယ်ရေးအဖွဲ့ (JETRO) ဥက္ကဋ္ဌ နိုရီဟီကို အီရှီဂူရို (Norihiko Ishiguro) က “ယန်းငွေတန်ဖိုး ကျဆင်းတာဟာ ပို့ကုန်တွေအတွက် အားသာချက် အမှန်တကယ် ရှိပေမဲ့ ဂျပန်ကုမ္ပဏီတွေဟာ ကုန်ကြမ်းအားလုံးနီးပါးကို တင်သွင်းနေရတာ ဖြစ်ပါတယ်” ဟု ဆိုပါတယ်။ Uniqlo အထည်ဘရန်း ပိုင်ရှင် Fast Retailing ကုမ္ပဏီကလည်း ယန်းငွေကျဆင်းမှုကို ကာမိစေရန် ဆောင်းဦးနှင့် ဆောင်းရာသီ ပစ္စည်းအချို့၏ ဈေးနှုန်းများကို ၄ ရာခိုင်နှုန်းခန့် မြှင့်တင်သွားမည်ဟု ထုတ်ပြန်ထားပါတယ်။
Mitsui & Co ကုမ္ပဏီမှ ဘဏ္ဍာရေးအရာရှိချုပ် မာကိုတို တာနာကာ (Makoto Tanaka) ကလည်း “ဘာထက်မဆို စျေးကွက် တည်ငြိမ်ပြီး မတည်ငြိမ်မှုတွေ လျော့ကျသွားဖို့ပဲ လိုလားပါတယ်” ဟု ပြောဆိုခဲ့ပါတယ်။ JETRO ၏ စစ်တမ်းများအရ ဂျပန်ကုမ္ပဏီအများစုသည် တစ်ဒေါ်လာလျှင် ၁၂၀ မှ ၁၂၄ ယန်းကြား ရှိသည့် ငွေလဲနှုန်းကိုသာ အလိုလားဆုံးဖြစ်ကြောင်း သိရပါတယ်။
Source – Reuters