ဇူလိုင် ၃၀၊ ၂၀၂၆
The Kaladan Post
ယူကရိန်းနိုင်ငံတစ်ဝှမ်းကို ရုရှားက ဘောလစ်တစ်ဒုံးကျည်တွေနဲ့ ကြာသပတေးနေ့မှာ အပြင်းအထန် တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေ အပါအဝင် အနည်းဆုံး လူ ၇ ဦး သေဆုံးခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုတွေဟာ ယူကရိန်းအနောက်ပိုင်း ပိုလန်နယ်စပ်နားအထိ ရောက်ရှိလာတာကြောင့် အိမ်နီးချင်း ပိုလန်နိုင်ငံကလည်း သူတို့ရဲ့ လေပိုင်နက်ကို ကာကွယ်ဖို့အတွက် တိုက်လေယာဉ်တွေကို အရေးပေါ် ပျံသန်းစေခဲ့ရပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးရဲ့ ဇာတိမြို့ဖြစ်တဲ့ ခရီဗီရိ (Kryvyi Rih) မှာ ရုရှားရဲ့ Iskander-M ဒုံးကျည် တိုက်ရိုက်ထိမှန်ခဲ့တာကြောင့် အသက် ၅ နှစ်နဲ့ ၁၂ နှစ်အရွယ် မိန်းကလေးငယ် နှစ်ဦးအပါအဝင် လူ ၆ ဦး သေဆုံးခဲ့ပါတယ်။ မြို့ပြကာကွယ်ရေး အကြီးအကဲ Oleksandr Vilkul က “ဒါဟာ တကယ့်ကို မှောင်မိုက်တဲ့ ညတစ်ညပါပဲ။ ရုရှားဒုံးကျည်ဟာ မိသားစုကြီးတစ်ခု နေထိုင်တဲ့ အိမ်ကို တိုက်ရိုက်ထိမှန်ခဲ့တာပါ။ အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူတွေ ရှိနေသေးတာကြောင့် သေဆုံးသူ အရေအတွက် ထပ်တိုးလာနိုင်ပါတယ်” လို့ တယ်လီဂရမ်မှာ ရေးသားခဲ့ပါတယ်။ မြို့တော် ကိယက်ဗ်မှာလည်း ဒုံးကျည်ထိမှန်မှုကြောင့် လူတစ်ဦး သေဆုံးခဲ့ရပါတယ်။
ဒီတိုက်ခိုက်မှုတွေဟာ သမ္မတ ဇလန်းစကီး အမေရိကန် ခရီးစဉ်ကနေ ပြန်ရောက်လာပြီးနောက်မှာ ဖြစ်ပွားခဲ့တာပါ။ သမ္မတ ဇလန်းစကီးက ၎င်းရဲ့ ခရီးစဉ်အတွင်းမှာ သမ္မတ ဒေါ်နယ်ထရန့်က ယူကရိန်းမှာ Patriot ဒုံးကျည်တွေ ထုတ်လုပ်ဖို့ လုပ်ပိုင်ခွင့် (License) ပေးဖို့ သဘောတူခဲ့တယ်လို့ ဆိုပါတယ်။ ဇလန်းစကီးက “မဟာမိတ်တွေအနေနဲ့ အခုဘာတွေ ဖြစ်ပျက်နေသလဲဆိုတာကို အပြည့်အဝ နားလည်ဖို့ အရေးကြီးပါတယ်။ ပြည်သူတွေရဲ့ အသက်ကို ကာကွယ်နိုင်ဖို့ဆိုတာ သူတို့ရဲ့ ကူညီလိုစိတ်ပေါ်မှာပဲ တိုက်ရိုက် မူတည်နေပါတယ်” လို့ မဟာမိတ်နိုင်ငံတွေကို ထပ်မံ တိုက်တွန်းခဲ့ပါတယ်။
တစ်ဖက်မှာလည်း ယူကရိန်းဒရုန်းတွေက ရုရှားနိုင်ငံအတွင်းက အကြီးဆုံး အွန်လိုင်းအရောင်းကုမ္ပဏီ Wildberries ရဲ့ ကုန်လှောင်ရုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေပါတယ်။ ပမ်ဇာ (Penza) မြို့မှာရှိတဲ့ ကုန်လှောင်ရုံတစ်ခု မီးလောင်ခဲ့တာကြောင့် လူ ၂၀၀ ကျော်ကို အရေးပေါ် ရွှေ့ပြောင်းခဲ့ရပါတယ်။ အခုလို ရုရှားရဲ့ လောင်စာဆီသိုလှောင်ရုံတွေနဲ့ ကုန်လှောင်ရုံတွေ တိုက်ခိုက်ခံနေရတာကြောင့် ရုရှားနိုင်ငံအတွင်းမှာ လောင်စာဆီ အကျပ်အတည်းတွေနဲ့ စီးပွားရေး ထိခိုက်မှုတွေ ပိုမို ပြင်းထန်လာနေပါတယ်။ ရုရှားနဲ့ ယူကရိန်း နှစ်ဖက်စလုံးကတော့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာမျိုး မလုပ်ဘူးလို့ ငြင်းဆိုထားကြဆဲ ဖြစ်ပါတယ်။
သတင်းရင်းမြစ် – Reuters