စက်တင် ၁၈၊ ၂၀၂၆

The Kaladan Post

အာဆီယံ ဒေသတွင်းဖိုရမ် (ARF) က ပြုလုပ်မည့် မောင်းသူမဲ့ လေယာဉ်စနစ် (ဒရုန်း) ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာစစ်တပ် တက်ရောက်ခွင့်ကို ပိတ်ပင်ပေးရန် Justice For Myanmar (JFM) အဖွဲ့က စက်တင်ဘာလ ၁၇ ရက်နေ့တွင် တောင်းဆိုလိုက်ပါတယ်။

အဆိုပါ ဆွေးနွေးပွဲကို အမေရိကန်ပြည်ထောင်စု၏ အဆိုပြုချက်ဖြင့် သြစတြေးလျ၊ စင်ကာပူနှင့် အမေရိကန်တို့က ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကာ ၂၀၂၆ သို့မဟုတ် ၂၀၂၇ ခုနှစ်တွင် ကျင်းပရန် စီစဉ်ထားခြင်း ဖြစ်ပါတယ်။ ယင်းဆွေးနွေးပွဲသို့ မြန်မာစစ်တပ်ကို ဖိတ်ကြားရန် စီစဉ်နေပြီး စစ်ကောင်စီ ပါဝင်ခွင့်ရရှိပါက ၎င်းတို့၏ ဒရုန်းစွမ်းရည်ကို မြှင့်တင်ပေးမည့် နည်းပညာ အချက်အလက်များ လွှဲပြောင်းရရှိသွားနိုင်သည်ဟု JFM က သတိပေးထားပါတယ်။

JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင် က “တရားမဝင် စစ်ကောင်စီဟာ အရပ်သားတွေအပေါ် နိုင်ငံတကာ ရာဇဝတ်မှုတွေ ကျူးလွန်ဖို့အတွက် ဒီနည်းပညာကို အသုံးပြုနေချိန်မှာ ဒရုန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှာ သူတို့ကို ထည့်သွင်းဖို့ စီစဉ်နေတာဟာ အလွန် စိတ်ပျက်ဖွယ်ရာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါတယ်။ စစ်ကောင်စီ တက်ရောက်ခွင့် မရစေရန် ပူးတွဲကျင်းပမည့် နိုင်ငံ ၃ နိုင်ငံအနေဖြင့် တားဆီးပေးရန်လည်း တိုက်တွန်းထားပါတယ်။

ကုလသမဂ္ဂ အချက်အလက်များအရ ၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် ကလေး ၂၃၂ ဦး အပါအဝင် အရပ်သား ၉၈၂ ဦး သေဆုံးခဲ့ပြီး ယခင်နှစ်ထက် ၅၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ ထို့အပြင် ၂၀၂၅ ခုနှစ် ဇူလိုင်လအထိ စစ်တပ်၏ ဒရုန်းဖြင့် တိုက်ခိုက်မှု အကြိမ်ရေ ၅၇၀ ကျော်ကြောင့် အရပ်သား အနည်းဆုံး ၁၅၈ ဦး သေဆုံးခဲ့ရတယ်လို့ ACLED အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။

အလားတူ ရခိုင်ပြည်နယ် စစ်တွေ-ပုဏ္ဏားကျွန်း နယ်စပ်တွင်လည်း တိုက်ပွဲများ ပြင်းထန်နေပြီး စက်တင်ဘာလ ၁၁ ရက်က ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ရွာ ဘုန်းတော်ကြီးကျောင်းကို ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် အသက် ၆၃ နှစ်အရွယ် စစ်ဘေးရှောင် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

Source – DMG