စက်တင် ၁၈၊ ၂၀၂၆
The Kaladan Post
အီရန် ရန်သူများကို အပြတ်အသတ် ချေမှုန်းတိုက်ခိုက်ရေးနှင့် ပတ်သက်၍ အဓိက ဆုံးဖြတ်ချက်ကြီးတစ်ခု ချမှတ်ရန် နီးကပ်နေပြီဖြစ်ကာ “မည်သည့်အရာမဆို ဖြစ်လာနိုင်သည်” ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စက်တင်ဘာလ ၁၈ ရက်နေ့တွင် ပြောကြားလိုက်ပါတယ်။
Axios သတင်းဌာနနှင့် အင်တာဗျူးတွင် သမ္မတ ထရမ့်က ၎င်း၏ နောက်ထပ် စစ်ရေးလှုပ်ရှားမှုနှင့် ပတ်သက်၍ ထိုသို့ သတိပေးခဲ့ခြင်း ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပင် အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) က ဟော်မုဇ် ရေလက်ကြားကို “တရားမဝင် ဖြတ်သန်းရန်” ကြိုးပမ်းခဲ့သည့် တိုဂို (Togo) အလံတင် ရေနံတင်သင်္ဘောတစ်စီးကို တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
အခြားတစ်ဖက်တွင်လည်း ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး မစ်ရှင်က ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း အီရန်နိုင်ငံ မီနတ်ဘ် (Minab) မြို့ရှိ စာသင်ကျောင်းတစ်ခု တိုက်ခိုက်ခံရမှု အပါအဝင် အီရန်တွင်း တိုက်ခိုက်မှု နှစ်ခု၏ နောက်ကွယ်တွင် အမေရိကန် ရှိနေသည်ဟု ယုံကြည်ရသည့် “ခိုင်လုံသော အကြောင်းပြချက်များ” တွေ့ရှိရကြောင်းနှင့် ယင်းသည် စစ်ရာဇဝတ်မှု မြောက်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
ဒေသတွင်း တင်းမာမှုများ ပြန့်နှံ့လာရာတွင် ဆော်ဒီအာရေးဗီးယားနှင့် ယီမင် ဟူသီလက်နက်ကိုင်များအကြား အပြန်အလှန် တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာခဲ့ပြီး ကလေးငယ် ၃ ဦး အပါအဝင် အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့ကြောင်း သတင်းများက ဖော်ပြထားပါတယ်။
ထို့အပြင် အမေရိကန်၏ ကန့်ကွက်မှုကြောင့် သြစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ နျူကလီးယား စွမ်းအင်အေဂျင်စီ (IAEA) ၏ နှစ်ပတ်လည် ညီလာခံသို့ အီရန် နျူကလီးယား အကြီးအကဲ တက်ရောက်ခွင့်ကို ပိတ်ပင်ခံခဲ့ရတယ်လို့ သိရပါတယ်။
Source – Al Jazeera