နမ့်စန်မြို့လယ်မှာ ရဲအရာရှိနဲ့ စစ်အရာရှိ စကားများရာက ပစ်ခတ်မှုဖြစ်ပြီး စစ်ဗိုလ်သေဆုံး
ဩဂုတ် ၂၈
The Kaladan Post
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့မှာ ဩဂုတ် ၂၆ ရက် ညပိုင်းက ရဲအရာရှိနဲ့ စစ်ကောင်စီ လက်အောက်ခံ GE တပ်ဖွဲ့က ဗိုလ်ကြီးတစ်ဦးတို့ ကားပါကင်ကိစ္စ စကားများရာကနေ ပစ်ခတ်မှုဖြစ်ပြီး စစ်ဗိုလ် သေဆုံးခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်က ပြောဆိုထားပါတယ်။ အဲဒီအချိန်မှာ စစ်ဗိုလ်က အရက်သေစာနဲ့ မူးယစ်ဆေးဝါး သုံးစွဲထားပြီး ကားထဲကနေ လက်နက် ဒါမှမဟုတ် လက်ပစ်ဗုံး တစ်ခုခုကို ယူဖို့ ကြိုးစားနေချိန် ရဲအရာရှိက ခြောက်လုံးပြူးနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ ပစ်ခတ်မှုကြောင့် စစ်အရာရှိဟာ ကားပေါ်မှာပဲ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ပစ်ခတ်ခဲ့တဲ့ ရဲအရာရှိကိုလည်း နမ့်စန်မြို့ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။
#thekaladanpost #နမ့်စန် #ရှမ်းပြည်နယ် #ပစ်ခတ်မှု #စစ်ကောင်စီ

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် စည်းလုံးညီညွတ်ကြဖို့ NUG တိုက်တွန်း
ဩဂုတ် ၂၈
The Kaladan Post
ဒီနေ့ ဩဂုတ် ၂၈ ရက်မှာ ကျရောက်တဲ့ ၇၉ နှစ်မြောက် မွန်တော်လှန်ရေးနေ့အခါသမယမှာ မွန်တိုင်းရင်းသားတွေနဲ့ ပြည်သူအားလုံး စည်းလုံးညီညွတ်စွာနဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ နွေဦးတော်လှန်ရေးလုပ်ငန်းစဉ်တွေ အောင်မြင်ဖို့ ဆုမွန်ကောင်းတောင်းပေးကြောင်း နည်းဗျူဟာ(၃၃) တနင်္သာရီတိုင်း စစ်ဌာနက ထုတ်ပြန်ပါတယ်။ မွန်တော်လှန်ရေးနေ့ဟာ ၁၉၄၈ ခုနှစ်က မွန်မျိုးချစ်လူငယ် ၂၇ ဦးက “ခေတ်သစ်မွန် လက်နက်ကိုင်တပ်” ဖွဲ့စည်းပြီး ဘားအံမြို့နယ် ဇာသပြင်ကျေးရွာကနေ စတင်တော်လှန်ခဲ့တဲ့ သမိုင်းဖြစ်စဉ်ကို အမှတ်တရပြု ကျင်းပလာတာဖြစ်ကြောင်း ပြောဆိုထားပါတယ်။
ထို့ပြင် တော်လှန်ရေးအတွင်း အသက်ပေးခဲ့ကြတဲ့ မွန်ခေါင်းဆောင်တွေနဲ့ ရဲဘော်တွေကို အလေးပြု ဂုဏ်ပြုကြောင်းနဲ့ မျိုးဆက်သစ် မွန်တော်လှန်ရေးခေါင်းဆောင်တွေက တော်လှန်ရေးခရီးကို ဆက်လက်လျှောက်လှမ်းနေကြောင်းလည်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။ တိုင်းရင်းသားပြည်သူ တွေနဲ့ တော်လှန်ရေးအင်အားစုတွေကြား စည်းလုံးညီညွတ်မှု ပျက်ပြားအောင် ကြိုးပမ်းမှုတွေကို သတိထားဖို့နဲ့ အချင်းချင်း ပိုမိုစည်းလုံးညီညွတ်ဖို့ NUG တိုက်တွန်းထားပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ရေးအတွက် နိုင်ငံရေးအမြင်ကျယ်ကျယ်နဲ့ ဇွဲ၊ သတ္တိ၊ လုံ့လဝီရိယတို့နဲ့ အတူတကွ ရင်ဆိုင်ကျော်ဖြတ်ဖို့ လိုအပ်ကြောင်းနှင့် နည်းဗျူဟာ (၃၃) တနင်္သာရီတိုင်းစစ်ဌာနအနေဖြင့် ညီနောင်မဟာမိတ်တပ်တွေနဲ့ မွန်တိုင်းရင်းသားပြည်သူတွေအပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့အတူ သမိုင်းပေးတာဝန်တွေကို ဆက်လက်ထမ်းဆောင်သွားမယ်လို့ ပြောဆိုထားပါတယ်။
#thekaladanpost #မွန်တော်လှန်ရေးနေ့ #မွန်တိုင်းရင်းသား #ဖက်ဒရယ်ဒီမိုကရေစီ
ဗန်းမော်ဘက် စစ်ကူပေး စစ်တပ်ရေယာဉ်တွေကို လုံခြုံရေးပေးတဲ့ စစ်တပ် နဲ့ KIA တိုက်ပွဲပြင်းထန်
ဩဂုတ် ၂၈
The Kaladan Post
ကချင်ပြည်နယ် ဗန်းမော်မြို့ဘက်ကို စစ်အင်အား၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ ပို့ဆောင်တဲ့ စစ်တပ် ရေယာဉ်တွေကို လုံခြုံရေးပေးဖို့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တို့ အကြား ဩဂုတ် ၂၄ ရက်ကနေ ယမန်နေ့ ၂၇ ရက်အထိ ရွှေကူနဲ့ ဗန်းမော်ကြားမှာ တိုက်ပွဲတွေ ပြင်းထန် ခဲ့တယ်လို့ ဒေသတင်းရင်းမြစ်က ပြောဆိုထားပါတယ်။ ရွှေကူမြို့နယ်အတွင်း ဧရာဝတီမြစ်ကြောင်း တစ်လျှောက် လုံခြုံရေးယူဖို့ စစ်တပ်က စစ်ကြောင်း ၄ ကြောင်းခွဲကာ ထိုးစစ်ဆင်နေသဖြင့် ဆင်ခန်းတံတားအနီးမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြု ပြောဆိုပါတယ်။
ထို့ပြင် အဆိုပါ စစ်တပ်ရေယာဉ်တွေကို လမ်းကြောင်းရှင်းပေးဖို့ ဧရာဝတီမြစ်ကမ်းဘေး ကျေးရွာတွေ ကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေပြီး ဒေသခံတွေအနေနဲ့ လေကြောင်းအန္တရာယ် ကို အထူးသတိထားဖို့လည်း KIA က သတိပေးထားပါတယ်။ အဆိုပါစစ်ရေယာဥ်ဟာ မန္တလေးကနေ ဩဂုတ် ၂၁ ရက်ကတည်းက ထွက်ခွာလာတဲ့ စစ်တပ်ရေယာဉ် ၁၄ စင်းဟာ ဗန်းမော်မြို့ကို စစ်ကူပို့ဖို့ စစ်လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ တင်ဆောင်ပြီး ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတာလို့ သိရပါတယ်။
ယမန်နေ့ ဩဂုတ် ၂၇ ရက် မနက်ပိုင်းမှာလည်း ရွှေကူမြို့နယ်အတွင်းက မြစ်ဘေးကျေးရွာတွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ KIA နဲ့ ပူးပေါင်းတပ်တွေက စစ်တပ်ရေယာဉ် တွေကို ဒရုန်းတွေနဲ့ တိုက်ခိုက်နေပြီး စစ်တပ်ဘက်မှာ ထိခိုက်သေဆုံးမှုနဲ့ လက်နက်ပစ္စည်းအချို့ ဆုံးရှုံးမှုတွေ ရှိခဲ့ကြောင်း သတင်းရင်းမြစ်တချို့၏ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။
#thekaladanpost #ဗန်းမော် #ရွှေကူ #KIA #ဧရာဝတီမြစ် #မြန်မာ့သတင်း
ချင်းပြည်နယ်အများစုကို စစ်ကောင်စီ ထိရောက်စွာ မထိန်းချုပ်နိုင်သေးဟု ချင်းပြည်ကောင်စီပြော
ဩဂုတ် ၂၈
The Kaladan Post
ချင်းပြည်နယ်မှာ စစ်တပ်က ပြန်လည်သိမ်းပိုက်ထားတဲ့ မြို့အချို့နဲ့ အဲဒီမြို့တွေကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းတချို့ကလွဲရင် ကျန်ဒေသနဲ့ ကျေးရွာအများစုကို ထိရောက်စွာ ထိန်းချုပ်နိုင်ခြင်း မရှိသေးဘူး လို့ ချင်းပြည်ကောင်စီ အတွင်းရေးမှူး Salai Kep Chin Thang က ပြောပါတယ်။ လက်ရှိမှာ တွန်းဇံနဲ့ ဖလမ်းလို မြို့ပေါ်ဧရိယာအချို့မှာသာ စစ်ကောင်စီရဲ့ ဩဇာသက်ရောက်မှု ရှိနေပြီး အဲဒီမြို့တွေကို တောင် အပြည့်အဝ ထိန်းချုပ်နိုင်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။
စစ်တပ်ဟာ ကလေး-ဟားခါးနဲ့ ကလေး-တီးတိန် လမ်းကြောင်းတွေကို ထိန်းချုပ်ထားတယ်လို့ ပြောဆို ပေမယ့် အဲဒီလမ်းပိုင်းတွေကိုလည်း စစ်စခန်း ၃၀ ကျော် တည်ဆောက်ထားပြီး အကန့်အသတ်နဲ့သာ ထိန်းချုပ်ထားနိုင်တာလို့ ချင်းပြည်ကောင်စီဘက်က ပြောပါတယ်။ အရင်က စစ်စခန်းမရှိသလောက် ဖြစ်တဲ့ အဲဒီလမ်းကြောင်းတွေမှာ လက်ရှိ စစ်စခန်းတွေ တိုးချဲ့တည်ဆောက်ထားပြီး တချို့နေရာတွေမှာ တပ်မ ၇၇ လက်အောက်ခံတပ်ဖွဲ့တွေအစား ရဲတပ်ဖွဲ့ဝင်တွေကို အစားထိုးတပ်စွဲထားတယ်လို့ သိရပါတယ်။
ချင်းပြည်ကောင်စီဘက်ကတော့ မြို့တစ်မြို့ကို ပြန်လည်သိမ်းပိုက်ထားနိုင်တာနဲ့ မြို့နယ်တစ်ခုလုံးကို ထိန်းချုပ်နိုင်ပြီလို့ မဆိုနိုင်ဘဲ မြို့ပေါ်ဧရိယာအတွင်းတောင် စစ်တပ်က အပြည့်အဝ အုပ်ချုပ်နိုင်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် ချင်းပြည်အစိုးရရဲ့ ဖွဲ့စည်းပုံအခြေခံမူတွေအရ CNA၊ CDF အပါအဝင် ချင်းပြည်နယ်အတွင်းက လက်နက်ကိုင်တပ်ဖွဲ့တွေကို အရပ်သားအစိုးရရဲ့ ကွပ်ကဲမှု အောက်မှာ ထားရှိဖို့ သတ်မှတ်ထားတယ်လို့ သိရပါတယ်။
#thekaladanpost #ချင်းပြည်နယ် #ချင်းပြည်ကောင်စီ #Chinland
တော်လှန်ရေးအဖွဲ့တွေ မစည်းလုံးပါက တော်လှန်ရေး ပိုရှည်ကြာနိုင်တယ်လို့ MSDF သတိပေး
ဩဂုတ် ၂၈
The Kaladan Post
၇၉ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့မှာ မွန်တော်လှန်ရေးအဖွဲ့အစည်းတွေကြား တရားမျှတပြီး စစ်မှန် တဲ့ ပူးပေါင်းဆောင်ရွက်မှု မလုပ်နိုင်ရင် တော်လှန်ရေး ပိုမိုရှည်ကြာနိုင်တယ်လို့ မွန်ပြည်ကာကွယ်ရေး တပ် (MSDF) က သတိပေး ထုတ်ပြန်ပါတယ်။ မွန်ပြည်သူတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ နိုင်ငံတဝန်း လူမျိုး၊ ဘာသာမရွေး လွတ်လပ်ခွင့်အတွက် မွန်တော်လှန်ရေးအဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ နွေဦးတော်လှန်ရေးက ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့အတူ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း MSDF က ပြောဆိုထားပါတယ်။
လက်ရှိမှာ ကွဲပြားနေတဲ့ မွန်အင်အားစုတွေ ပြန်လည်စုစည်းနိုင်ရေးအတွက် ခေါင်းဆောင်တွေအကြား ဆွေးနွေးညှိနှိုင်းမှုတွေ ရှိနေသော်လည်း တိကျသေချာတဲ့ ရလဒ်တစ်ခု ထွက်ပေါ်လာဖို့ လိုအပ်သေးဟု ထောက်ပြပါတယ်။ ပြီးခဲ့တဲ့ မတ်လမှာ ကျင်းပခဲ့တဲ့ “မွန်တော်လှန်ရေးဖိုရမ်” ကနေ ပေါ်ထွက်လာမယ့် ပူးပေါင်းဆောင်ရွက်မှု ရလဒ်တွေကို မွန်ပြည်သူတွေက မျှော်လင့်နေကြတာကြောင့် သက်ဆိုင်ရာ ခေါင်းဆောင်တွေအနေနဲ့ အောင်မြင်အောင် ဆက်လက်အကောင်အထည်ဖော်ဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။
ထို့ပြင် ရန်သူဘက်က သွေးခွဲအုပ်ချုပ်တဲ့ နည်းလမ်းကို အသုံးပြုလေ့ရှိတာကြောင့် မွန်အင်အားစုတွေ ကွဲပြားနေမယ်ဆိုရင် တော်လှန်ရေးကို ဖြိုခွဲဖို့ ပိုလွယ်ကူနိုင်တယ်လို့ သတိပေးပြီး အတိတ်သမိုင်းက သင်ခန်းစာတွေကို ပြန်လည်သုံးသပ်ဖို့လည်း တိုက်တွန်းထားပါတယ်။ မွန်တော်လှန်ရေးအဖွဲ့တွေကြား ဘုံနိုင်ငံရေးလမ်းစဉ်နဲ့ မျှတတဲ့ နိုင်ငံရေးသဘောတူညီချက်တွေ ချမှတ်ပြီး စစ်ရေး၊ နိုင်ငံရေးအရ အတူတကွ အင်အားစုဖို့ လိုအပ်နေပြီဖြစ်ကြောင်း MSDF က တိုက်တွန်းထားပါတယ်။
#thekaladanpost #မွန်တော်လှန်ရေး #MSDF #မွန်ပြည် #မွန်တော်လှန်ရေးနေ့
ကလေးမြို့အနီး စိတ်ကြွဆေးပြား ကျပ် ၂ ဒသမ ၉၅ ဘီလီယံတန်ဖိုးရှိဟု CCDAC ထုတ်ပြန်
ဩဂုတ် ၂၈
The Kaladan Post
ဩဂုတ် ၂၃ ရက်နေ့က ကလေးမြို့နယ် ချင်းတွင်းတံတားအနီးမှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က မော်တော်ယာဉ်တစ်စီးကို ရပ်တန့်စစ်ဆေးရာ စိတ်ကြွဆေးပြား ၉ ဒသမ ၂ သိန်း ဖမ်းဆီးရမိခဲ့တယ်လို့ ဒီကနေ့မှာ CCDAC MYANMAR က ထုတ်ပြန်လာပါတယ်။ အဆိုပါ စစ်ဆေးဖော်ထုတ်မှုအရ ကလေးမြို့ တောင်ဖီလာရပ်ကွက်မှာ မဇင်လမ်မာန်ကို ဖမ်းဆီး ရမိခဲ့ပြီး သူ့ရဲ့ဖော်ထုတ်ချက်အရ ဟောက်ခန့်ခွာလ်ထံက စိတ်ကြွဆေးပြား ၂ ဒသမ ၆ သိန်း ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဖြစ်စဉ်အတွင်းဖမ်းဆီးထားသည့် စိတ်ကြွဆေးပြားဟာ ၁၁ ဒသမ ၈ သိန်း၊ တန်ဖိုးငွေကျပ် ၂ ဒသမ ၉၅ ဘီလီယံခန့် တန်ဖိုးရှိကြောင်း သိရပါတယ်။ အဆိုပါ မူးယစ်ဆေးဝါးတွေဟာ ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့ကနေ ကလေးမြို့ဘက်ကို ပို့ဆောင်ခဲ့တာဖြစ်ပြီး ဆက်စပ်သူအချို့ကိုလည်း ဖမ်းဆီးရန် ကျန်ရှိနေတယ်လို့ CCDAC MYANMAR က ပြောဆိုထားပါတယ်။
ဖမ်းဆီးထားသူတွေကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူတွေကို ဆက်လက်ဖော်ထုတ်နေတယ်လို့ CCDAC က ဆိုပါတယ်။ ဒါ့အပြင် မူးယစ်ဆေးဝါးရောင်းဝယ်မှုကနေ ရရှိတဲ့ ငွေကြေးနဲ့ ပိုင်ဆိုင်မှုတွေကို ပြည်သူ့ ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနဲ့ ဆက်လက်အရေး ယူနေကြောင်း သိရပါတယ်။
#thekaladanpost #မူးယစ်ဆေးဝါး #ကလေးမြို့ #စိတ်ကြွဆေးပြား #မူးယစ်ဆေးဝါးတားဆီးရေး