ဇူလိုင် ၂၂၊ ၂၀၂၆

The Kaladan Post

အမေရိကန် ချစ်ပ်ပြားကုမ္ပဏီကြီး Nvidia ရဲ့ အဓိကကုန်ကြမ်းပေးသွင်းသူဖြစ်တဲ့ ထိုင်ဝမ်အခြေစိုက် Wistron ကုမ္ပဏီဟာ တက္ကဆက်ပြည်နယ်မှာ အမေရိကန်ဒေါ်လာ ၇၀၀ သန်း အကုန်အခံ တည်ဆောက်ထားတဲ့ အဆင့်မြင့်ကုန်ထုတ်စက်ရုံသစ်ကို အင်္ဂါနေ့မှာ ဖွင့်လှစ်လိုက်ပါတယ်။ ဒီစက်ရုံဟာ ကမ္ဘာတစ်ဝှမ်းမှာ အဆမတန် မြင့်တက်လာနေတဲ့ AI အခြေခံအဆောက်အအုံ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့အတွက် Nvidia ရဲ့ နောက်ဆုံးပေါ် AI စနစ်တွေကို အဓိကထား ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။

တက္ကဆက်ပြည်နယ်၊ ဖော့တ်ဝေါ့သ် (Fort Worth) မှာရှိတဲ့ ဒီစက်ရုံဟာ Nvidia ရဲ့ အစွမ်းအထက်ဆုံးလို့ ယူဆရတဲ့ “GB300 Grace Blackwell Ultra Superchip” တွေကို အမေရိကန်မြေပေါ်မှာ ပထမဆုံးအကြိမ် အလုံးအရင်းနဲ့ စတင်ထုတ်လုပ်မယ့်နေရာ ဖြစ်ပါတယ်။ Nvidia ရဲ့ စီအီးအို ဂျန်ဆင်ဟွမ် (Jensen Huang) က အဆိုပါ ချစ်ပ်ပြားတွေနဲ့ တည်ဆောက်ထားတဲ့ AI စနစ်ကို “ကမ္ဘာ့အစွမ်းထက်ဆုံး AI စူပါကွန်ပျူတာ” လို့ တင်စားခေါ်ဝေါ်ခဲ့ပါတယ်။ ဒါ့အပြင် ဒီစက်ရုံမှာပဲ Nvidia ရဲ့ နောက်မျိုးဆက်သစ် “Vera Rubin Superchip” တွေကိုလည်း ဆက်လက် ထုတ်လုပ်သွားဖို့ ရှိနေပါတယ်။

[Nvidia] ရဲ့ ထုတ်ပြန်ချက်အရ အခုစက်ရုံသစ်ဟာ တစ်လကို ကွန်ပျူတာဘုတ်ပြားပေါင်း သောင်းနဲ့ချီ ထုတ်လုပ်နိုင်အောင် အရှိန်မြှင့် ဆောင်ရွက်သွားမှာဖြစ်ပြီး လက်ရှိမှာ အလုပ်အကိုင်ပေါင်း ၅၀၀ ကျော် ဖန်တီးပေးထားတယ်လို့ သိရပါတယ်။ လာမယ့် နှစ်ကုန်ပိုင်းမှာတော့ ဝန်ထမ်းအင်အား ၁,၀၀၀ အထိ တိုးမြှင့်သွားဖို့ ရှိနေပါတယ်။ ဒီစက်ရုံဟာ Nvidia က ၂၀၂၅ ခုနှစ်မှာ ကြေညာခဲ့တဲ့ အမေရိကန်နိုင်ငံအတွင်း ဒေါ်လာ ၅၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမယ့် အစီအစဉ်ကြီးရဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ ထိုင်ဝမ်နည်းပညာကုမ္ပဏီတွေအနေနဲ့ အခုလို အမေရိကန်မှာ လုပ်ငန်းတွေ လာရောက်ချဲ့ထွင်တာဟာ ကမ္ဘာ့ AI နည်းပညာ ပြိုင်ဆိုင်မှုမှာ အရေးပါတဲ့ အချိုးအကွေ့တစ်ခု ဖြစ်လာစေမှာ ဖြစ်ပါတယ်။

သတင်း Source: Reuters