ဩဂုတ် ၂၆၊ ၂၀၂၆
The Kaladan Post
ပေကျင်းမြို့၌ ပြုလုပ်ခဲ့သည့် အဆင့်မြင့် သံတမန်ရေးရာ ဆွေးနွေးပွဲများအပြီး နယ်စပ် ပြဿနာနှင့် ပတ်သက်၍ မျှတပြီး လက်ခံနိုင်သည့် အဖြေတစ်ခု ရရှိရေးအတွက် တွေ့ဆုံဆွေးနွေးမှုများကို ဆက်လက် ဆောင်ရွက်သွားရန် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့က အင်္ဂါနေ့ (ဩဂုတ်လ ၂၅ ရက်) တွင် သဘောတူညီလိုက်ကြပါတယ်။
အိန္ဒိယ အမျိုးသား လုံခြုံရေး အကြံပေး အဂျစ် ဒိုဗာလ် (Ajit Doval) နှင့် တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ (Wang Yi) တို့သည် အိန္ဒိယ-တရုတ် နယ်စပ်ရေးရာ အထူးကိုယ်စားလှယ်များ၏ ၂၅ ကြိမ်မြောက် အစည်းအဝေးကို ပူးတွဲ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။ နှစ်နိုင်ငံကြား ကုန်သွယ်ရေးနှင့် နယ်စပ်ဒေသ တည်ငြိမ်ရေး ကိစ္စရပ်များကို အပြန်အလှန် ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ က “နှစ်ဖက်စလုံးအနေနဲ့ သမိုင်းဝင် အတွေ့အကြုံတွေကနေ သင်ခန်းစာယူပြီး နယ်စပ်ရေးရာ ပြဿနာကို နှစ်နိုင်ငံ ဆက်ဆံရေးမှာ သင့်တော်တဲ့ နေရာတစ်ခုမှာ ထားရှိကာ ရပ်တန့်ခြင်း၊ နောက်ပြန်ဆုတ်ခြင်း သို့မဟုတ် သွေဖည်ခြင်းမရှိဘဲ ရှေ့ဆက်သွားသင့်ပါတယ်” ဟု ပြောကြားခဲ့ပါတယ်။ နှစ်နိုင်ငံကြား နောက်ထပ် နယ်စပ်ရေးရာ ဆွေးနွေးပွဲကို ၂၀၂၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၌ ကျင်းပသွားရန်လည်း သဘောတူခဲ့ကြကြောင်း သိရပါတယ်။
Source – Reuters