စက်တင် ၁၄၊ ၂၀၂၆

The Kaladan Post

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ လီဘူပူဒူး (Lebuh Pudu) အရပ်တွင် ပြုလုပ်သည့် ပူးပေါင်း စစ်ဆင်ရေးအတွင်း မြန်မာနိုင်ငံသားများ အပါအဝင် နိုင်ငံခြားသား ၄၇၂ ဦးကို လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြစ်မှုအမျိုးမျိုးဖြင့် စက်တင်ဘာလ ၁၃ ရက် ယနေ့တွင် ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။

အဆိုပါ အထူးစစ်ဆင်ရေးကို နံနက် ၁၁ နာရီခန့်တွင် စတင်ခဲ့ပြီး နိုင်ငံခြားသား ၂,၅၀၀ ခန့်ကို စစ်ဆေးခဲ့ကြောင်း ကွာလာလမ်ပူ လူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူး ဒါတွတ် ဟမ်ဇာ အင်ဂျောင် (Datuk Hamzah Injau) က ပြောကြားခဲ့ပါတယ်။ ဖမ်းဆီးခံရသူများထဲတွင် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်၊ နီပေါ၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ အိန္ဒိယ၊ တရုတ်၊ ဇင်ဘာဘွေနှင့် ဆော်ဒီအာရေးဗီးယား နိုင်ငံသားများ ပါဝင်ပါတယ်။

ဖမ်းဆီးခံရသူများသည် အသက် ၁၈ နှစ်မှ ၆၂ နှစ်ကြားရှိ အမျိုးသား ၄၃၉ ဦးနှင့် အမျိုးသမီး ၃၃ ဦးတို့ဖြစ်ပြီး စုံစမ်းစစ်ဆေးမှုများ ဆက်လက် ပြုလုပ်ရန် ဘူကစ်ဂျာလီ (Bukit Jalil) လူဝင်မှုကြီးကြပ်ရေး စခန်းသို့ ပို့ဆောင်ထားပါတယ်။ ၎င်းတို့သည် တရားဝင် သက်သေခံ ကတ်ပြား မရှိခြင်း၊ သတ်မှတ်ရက်ထက် ကျော်လွန်နေထိုင်ခြင်းနှင့် အသိအမှတ်မပြုထားသော စာရွက်စာတမ်းများ ကိုင်ဆောင်ခြင်း စသည့် ပြစ်မှုများ ကျူးလွန်ခဲ့ကြတာ ဖြစ်ပါတယ်။

လီဘူပူဒူးဒေသ၌ နိုင်ငံခြားသားများ အများအပြား ရှိနေပြီး တရားမဝင် ဖွင့်လှစ်ထားသည့် စီးပွားရေး လုပ်ငန်းများ ရှိကြောင်း အများပြည်သူ တိုင်ကြားချက်များကြောင့် ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်ပါတယ်။ ယင်းစစ်ဆင်ရေးတွင် လူဝင်မှုကြီးကြပ်ရေး အရာရှိ ၂၁၈ ဦးနှင့် ကွာလာလမ်ပူ မြို့တော်ခန်းမ (DBKL)၊ မီးသတ်ဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာန အပါအဝင် အခြား အေဂျင်စီများမှ ၁၁၉ ဦး စုစုပေါင်း အင်အား ၃၃၇ ဦးဖြင့် ပူးပေါင်း ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

လူဝင်မှုကြီးကြပ်ရေး ဥပဒေ ချိုးဖောက်သူများသာမက တရားမဝင် နေထိုင်သူများကို လက်ခံထားသည့် အလုပ်ရှင်များနှင့် အဆောက်အအုံ ပိုင်ရှင်များကိုပါ ပြတ်ပြတ်သားသား အရေးယူသွားမည်ဟု ဒါတွတ် ဟမ်ဇာ က သတိပေးခဲ့ပါတယ်။ လက်ရှိတွင် သတ်မှတ်ရက် ကျော်လွန်နေထိုင်သူများအနေဖြင့် ဒဏ်ကြေးပေးဆောင်ကာ သဘောဆန္ဒအလျောက် နေရပ်ပြန်နိုင်မည့် ရွှေ့ပြောင်းနေထိုင်သူများ ပြန်လည်ပို့ဆောင်ရေး အစီအစဉ် (PRM) ကိုလည်း ဆောင်ရွက်ပေးလျက် ရှိပါတယ်။

Source – BERNAMA