ဇူလိုင် ၁၁၊ ၂၀၂၆
The Kaladan Post
မလေးရှားနိုင်ငံ တောင်ပိုင်းက ဂျိုဟိုး (Johor) ပြည်နယ်မှာ ဒေသန္တရရွေးကောက်ပွဲကို စနေနေ့မှာ ကျင်းပနေပြီဖြစ်ပြီး ဒါဟာ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် (Anwar Ibrahim) ရဲ့ ညွန့်ပေါင်းအစိုးရအတွင်းက စည်းလုံးညီညွတ်မှုကို အကြီးအကျယ် စမ်းသပ်မယ့် ပွဲတစ်ပွဲ ဖြစ်လာပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေ နှေးကွေးတာ၊ လူမျိုးရေးနဲ့ ဘာသာရေးဆိုင်ရာ အငြင်းပွားမှုတွေအပြင် စီးပွားရေး အကြပ်အတည်းတွေကြောင့် အစိုးရအဖွဲ့အတွင်း တင်းမာမှုတွေ ရှိနေချိန်မှာ အခုရွေးကောက်ပွဲ ရလဒ်ဟာ အထွေထွေရွေးကောက်ပွဲကို အချိန်မတိုင်ခင် စောစီးစွာ ကျင်းပလာရမလားဆိုတဲ့အပေါ် အဆုံးအဖြတ် ပေးသွားနိုင်ပါတယ်။
ဂျိုဟိုးပြည်နယ် ရွေးကောက်ပွဲဟာ ဝန်ကြီးချုပ် အန်ဝါရဲ့ လွှတ်တော်အမတ် အရေအတွက်အပေါ် တိုက်ရိုက် သက်ရောက်မှု မရှိနိုင်ပေမဲ့ အစိုးရအဖွဲ့ရဲ့ အဓိက မဟာမိတ်ဖြစ်တဲ့ ဘာရီဆန် နာရှယ်နယ် (BN) ပါတီက အန်ဝါရဲ့ ပါကာတန် ဟာရာပန် (Pakatan) မဟာမိတ်အဖွဲ့ရဲ့ အကူအညီမပါဘဲ တစ်သီးပုဂ္ဂလ ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်လိုက်တာဟာ အစိုးရအတွင်းက အက်ကြောင်းတွေကို ပိုမိုထင်ရှားစေခဲ့ပါတယ်။ ဝန်ကြီးချုပ် အန်ဝါကတော့ ပြီးခဲ့တဲ့ မေလတုန်းက အစိုးရအတွင်း သဘောထားကွဲလွဲမှုတွေသာ ဆက်လက် ကြီးထွားနေမယ်ဆိုရင် ရွေးကောက်ပွဲကို အချိန်မတိုင်ခင် ခေါ်ယူသွားမယ်လို့ သတိပေးထားဖူးပါတယ်။
ဂျိုဟိုးပြည်နယ်ဟာ စင်ကာပူနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေပြီး လက်ရှိမှာ ဒေတာစင်တာတွေနဲ့ AI နည်းပညာဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေ ဒေါ်လာဘီလီယံနဲ့ချီ ဝင်ရောက်နေတဲ့ ဘဏ္ဍာရေး အချက်အချာဒေသတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့်လည်း ရင်းနှီးမြှုပ်နှံသူတွေက အခုရွေးကောက်ပွဲကို စိတ်ဝင်တစား စောင့်ကြည့်နေကြတာပါ။ ဒါပေမဲ့ တစ်ဖက်မှာတော့ ဒေသခံပြည်သူတွေဟာ အိမ်ခြံမြေဈေးနှုန်း မြင့်တက်တာနဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှု ဒဏ်တွေကို အကြီးအကျယ် ခံစားနေကြရပါတယ်။
အခုရွေးကောက်ပွဲမှာ BN ပါတီဟာ အသာစီးရနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပေမဲ့ အန်ဝါရဲ့ ပါကာတန်အဖွဲ့အပြင် အစ္စလာမ္မစ်ပါတီ (PAS) ဦးဆောင်တဲ့ အတိုက်အခံ ပီရီကာတန် (Perikatan) အဖွဲ့တွေရဲ့ ပြင်းထန်တဲ့ စိန်ခေါ်မှုကို ရင်ဆိုင်နေရပါတယ်။ ဒါ့အပြင် အန်ဝါရဲ့ တပည့်ရင်းဖြစ်ခဲ့သူ စီးပွားရေးဝန်ကြီးဟောင်း Rafizi Ramli ဦးဆောင်တဲ့ Bersama ပါတီသစ်ကလည်း ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်လို့ မဲရလဒ်တွေဟာ ခန့်မှန်းရခက်ခဲနေပါတယ်။ လာမယ့် ဩဂုတ်လ ၁ ရက်နေ့မှာလည်း နယ်ဂရီ ဆဲမ်ဘီလန် (Negeri Sembilan) ပြည်နယ်မှာ ရွေးကောက်ပွဲ ထပ်မံကျင်းပဖို့ ရှိနေတာကြောင့် အန်ဝါ အစိုးရရဲ့ အနာဂတ်ဟာ အခုရွေးကောက်ပွဲတွေအပေါ်မှာ အများကြီး မူတည်နေပါတယ်။
သတင်း Source: Reuters