စက်တင် ၁၂၊ ၂၀၂၆

The Kaladan Post

မြန်မာစစ်တပ်၏ အရပ်သားများအပေါ် တိုက်ခိုက်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြင်းထန်စွာ ရှုတ်ချပြီး စစ်ရေးလှုပ်ရှားမှုများ အဆုံးသတ်ရန်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် Human Rights Now (HRN) အဖွဲ့က ၆၃ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးတွင် တောင်းဆိုလိုက်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် ကျင်းပသည့် အဆိုပါ အစည်းအဝေး၌ HRN ၏ ထုတ်ပြန်ချက် ဗီဒီယိုကို ပြသခဲ့ခြင်း ဖြစ်ပါတယ်။ လက်ရှိတွင် နိုင်ငံရေးအကျဉ်းသား ၁၄,၇၈၀ ကျော် ဆက်လက် ဖမ်းဆီးခံထားရပြီး စနစ်တကျ ညှဉ်းပန်းနှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် ဆေးကုသခွင့် ငြင်းပယ်ခံရမှုများကို ရင်ဆိုင်နေရပါတယ်။ ယင်းတို့အနက် လူပေါင်း ၂၀၀ ကျော်မှာ ရွေးကောက်ပွဲကို ငြိမ်းချမ်းစွာ ဝေဖန်မှုကြောင့် ရွေးကောက်ပွဲ ကာကွယ်ရေး ဥပဒေဖြင့် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ပါတယ်။

စစ်တပ်သည် နေအိမ်များ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေး အဆောက်အအုံများနှင့် စစ်ဘေးရှောင်စခန်းများကို ဆက်လက် တိုက်ခိုက်နေကြောင်း ထောက်ပြထားပါတယ်။ ၂၀၂၅ ခုနှစ် ဩဂုတ်လမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း အမျိုးသမီး ၂၂၄ ဦးနှင့် ကလေး ၁၅၃ ဦး အပါအဝင် အနည်းဆုံး အရပ်သား ၇၀၂ ဦး သေဆုံးခဲ့ရပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှစ၍ သေဆုံးခဲ့ရသည့် အရပ်သား စုစုပေါင်း ၈,၃၀၀ ကျော် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

စစ်တပ်၏ အကူအညီများ ပိတ်ဆို့မှုကြောင့် ပြည်တွင်း နေရပ်စွန့်ခွာရသူ ၃.၆ သန်းကျော် ရှိလာပြီး လူပေါင်း ၁၅ သန်းကျော်မှာ ပြင်းထန်သော စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရပါတယ်။ ထိုကဲ့သို့ အကျပ်အတည်း ဖြစ်ပေါ်နေချိန်တွင် အဓိက အလှူရှင်နိုင်ငံများကလည်း အကူအညီများကို များစွာ လျှော့ချထားကြပါတယ်။

စစ်ကောင်စီသည် အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်နှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၆၆၉ တို့ကို လိုက်နာခြင်း မရှိသော်လည်း အိမ်နီးချင်းနိုင်ငံများနှင့် အာဆီယံက ၎င်းတို့၏ အုပ်ချုပ်မှုကို တရားဝင်မှု ပေးနေသည်ဟု HRN က ဝေဖန်ခဲ့ပါတယ်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် စစ်မှန်သော ဒီမိုကရေစီ အုပ်ချုပ်ရေး ပြန်လည် ထူထောင်ရန်၊ အကူအညီများအပေါ် ကန့်သတ်ချက်များ ဖယ်ရှားရန်နှင့် ဖိနှိပ်သော ဥပဒေများကို ပယ်ဖျက်ရန် HRN က တောင်းဆိုထားပါတယ်။

Source – Human Rights Now