ဇွန် ၁၇၊ ၂၀၂၆

The Kaladan Post

 

ဂျပန်နိုင်ငံရဲ့ ပို့ကုန်ကဏ္ဍဟာ ပြီးခဲ့တဲ့ မေလအတွင်းမှာ ၉ လဆက်တိုက်အဖြစ် ဆက်လက်တိုးတက်လာတယ်လို့ သိရပါတယ်။ ဒါဟာ ယန်းငွေတန်ဖိုး အားနည်းနေတာ၊ ကုန်စည်စျေးနှုန်းတွေ မြင့်တက်လာတာနဲ့ AI (ဉာဏ်ရည်တု) နည်းပညာအတွက် လိုအပ်တဲ့ ချစ်ပ်ပြားဝယ်လိုအား ကောင်းမွန်နေတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

အစိုးရရဲ့ ထုတ်ပြန်ချက်အရ မေလအတွင်း ပို့ကုန်တန်ဖိုးဟာ ပြီးခဲ့တဲ့နှစ် အလားတူကာလနဲ့ ယှဉ်ရင် ၁၇ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး၊ ဒါဟာ စျေးကွက်က ခန့်မှန်းထားတဲ့ ၁၆.၂ ရာခိုင်နှုန်းထက် ပိုမိုများပြားခဲ့တာပါ။ ဒါပေမဲ့ တင်ပို့တဲ့ ပစ္စည်းအရေအတွက် (ပမာဏ) ပိုင်းမှာတော့ ဝ.၅ ရာခိုင်နှုန်းသာ တိုးတက်ခဲ့တာကြောင့် တန်ဖိုးတက်လာတာဟာ စျေးနှုန်းကြီးမြင့်မှုကြောင့်သာ ဖြစ်တယ်လို့ ပညာရှင်တွေက ထောက်ပြနေကြပါတယ်။

Daiwa Institute of Research မှ စီးပွားရေးပညာရှင် ကိုကီ အာကီမိုတို က “ယန်းငွေအားနည်းတာနဲ့ စွမ်းအင်စျေးနှုန်းတွေ တက်လာတာက ပို့ကုန်ရော သွင်းကုန်တန်ဖိုးကိုပါ မြင့်တက်စေတာဖြစ်ပါတယ်။ တကယ်တမ်း တင်ပို့တဲ့ ပမာဏကတော့ တိုးမလာသလောက်ပဲမို့ ပို့ကုန်ကဏ္ဍမှာ အခြေခံကျတဲ့ အင်အား ချို့တဲ့နေပါသေးတယ်” လို့ သုံးသပ်ပြောကြားထားပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ အမေရိကန်-အစ္စရေးနဲ့ အီရန်တို့ကြားက စစ်ပွဲကြောင့် ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်တွေမှာ အနှောင့်အယှက်တွေ ရှိနေပေမဲ့၊ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဖြစ်ပေါ်နေတဲ့ AI လှိုင်းလုံးကြောင့် ဂျပန်နိုင်ငံလို သွင်းကုန်အပေါ် အဓိကအားထားနေရတဲ့ နိုင်ငံတွေအတွက်တော့ စီးပွားရေးထိခိုက်မှုကို အတိုင်းအတာတစ်ခုအထိ သက်သာစေခဲ့တယ်လို့ သိရပါတယ်။

အထူးသဖြင့် AI နဲ့ ဒေတာစင်တာတွေအတွက် လိုအပ်တဲ့ မန်မိုရီချစ်ပ်ပြားတွေ၊ လျှပ်စစ်ပစ္စည်းအစိတ်အပိုင်းတွေနဲ့ သတ္တုပစ္စည်းတွေ တင်ပို့မှုက ဂျပန်ရဲ့ ပို့ကုန်ကဏ္ဍကို အဓိက ဦးဆောင်နေတာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရှိရပါတယ်။

Source: Reuters (Makiko Yamazaki)