စက်တင် ၇၊ ၂၀၂၆
The Kaladan Post
ရိုဟင်ဂျာ ဒုက္ခသည်များ မြန်မာနိုင်ငံသို့ ဘေးကင်းဂုဏ်သိက္ခာရှိစွာ ရေရှည် ပြန်လည်ထွက်ခွာနိုင်ရေးအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် သံတမန်ရေးအရ ဖိအားပေးမှုများနှင့် စဉ်ဆက်မပြတ် ပါဝင်ဆောင်ရွက်မှုများကို မြှင့်တင်ရန် ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး ဆာလာဟွတ်ဒင်း အာမက် (Salahuddin Ahmed) က တနင်္ဂနွေနေ့တွင် တိုက်တွန်းလိုက်ပါတယ်။
ဒါကာမြို့ရှိ BIISS ခန်းမ၌ ပြုလုပ်သည့် ရိုဟင်ဂျာအရေး ဆွေးနွေးပွဲတွင် ဝန်ကြီးက ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ ဝန်ကြီးက “ဒီအကျပ်အတည်းဟာ နိုင်ငံတကာရဲ့ အရေးစိုက်မှုမှာ အမြဲမြင့်မားနေရမှာဖြစ်ပြီး အခြားကမ္ဘာ့ ပဋိပက္ခတွေ ဒါမှမဟုတ် နိုင်ငံရေး အကျပ်အတည်းတွေကြောင့် နောက်ကွယ် ရောက်မသွားသင့်ပါဘူး” ဟု ပြောဆိုခဲ့ပါတယ်။
ဆက်လက်ပြီး ဝန်ကြီး ဆာလာဟွတ်ဒင်း က “ကျွန်တော်တို့ရဲ့ အဓိက ပန်းတိုင်က ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ အတင်းအဓမ္မ စိစစ်စွန့်ခွာရသူ မြန်မာနိုင်ငံသား ၁၅ သိန်း (UNHCR စာရင်းအရ ၁၂ သိန်း) ခန့် သူတို့နိုင်ငံကို ဂုဏ်သိက္ခာနဲ့ လုံခြုံမှုအပြည့်နဲ့ ပြန်နိုင်ဖို့ပါပဲ” ဟု ပြောကြားခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ရိုဟင်ဂျာ ၁၅ သိန်းကျော်ကို ၉ နှစ်နီးပါးကြာ လက်ခံကျွေးမွေးထားတာ ဖြစ်ပါတယ်။
ဒုက္ခသည်စခန်းများတွင် လက်နက်နှင့် မူးယစ်ဆေးဝါး မှောင်ခိုကူးမှု၊ လူကုန်ကူးမှု၊ အမျိုးသမီးအပေါ် အကြမ်းဖက်မှုများနှင့် လက်နက်ကိုင်အဖွဲ့များ၏ လှုပ်ရှားမှုများ ပိုမိုများပြားလာသဖြင့် ဘင်္ဂလားဒေ့ရှ်၏ ပြည်တွင်း လုံခြုံရေးကို ခြိမ်းခြောက်လာနေပါတယ်။ သို့ဖြစ်ပါ၍ ပြစ်မှုများကို ထိန်းချုပ်ရန်နှင့် လုံခြုံရေးအတွက် စခန်းများတွင် ခြံစည်းရိုးခတ်ခြင်းနှင့် သွားလာမှု စည်းကမ်းချက်များ ထုတ်ပြန်ခြင်း စသည့် လုံခြုံရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်နေရပါတယ်။
ဝန်ကြီးက ဝန်ကြီးချုပ် တာရစ်ခ်ရာမန် (Tarique Rahman) ၏ ဦးဆောင်မှုအောက်တွင် ၁၀၀ ရာခိုင်နှုန်း အောင်မြင်သည့် ပြန်လည်ပို့ဆောင်ရေး ရရှိရန် သန္နိဋ္ဌာန်ချထားကြောင်း ပြောဆိုခဲ့ပါတယ်။ ထို့အပြင် “အရေးပေါ် ကူညီထောက်ပံ့မှုတွေအပြင် ‘အကူးအပြောင်း မဟာဗျူဟာ’ ကို မြန်မြန်ဆန်ဆန် ကျင့်သုံးဖို့ လိုအပ်ပါတယ်” ဟု ပြောကြားခဲ့ပြီး မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ဘေးကင်းသည့် ပတ်ဝန်းကျင် ဖန်တီးပေးရန် တောင်းဆိုခဲ့ပါတယ်။
Source – AA News Desk