စက်တင် ၁၇၊ ၂၀၂၆

The Kaladan Post

မလေးရှားနိုင်ငံရှိ ရိုဟင်ဂျာ ဒုက္ခသည်များကို နေရပ်ပြန်ပို့ရန်နှင့် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်ဆွေးနွေးမည့် ဝန်ကြီးချုပ် အန်နဝါ အီဘရာဟင် (Anwar Ibrahim) ၏ ရပ်တည်ချက်သည် နိုင်ငံတကာဥပဒေနှင့် ဆန့်ကျင်နေပြီး အရေခြုံဟန်ဆောင်မှုဖြစ်ကြောင်း လူ့အခွင့်အရေး ရှေ့နေ လာသီဖာ ကိုယာ (Latheefa Koya) က စက်တင်ဘာလ ၁၇ ရက်နေ့တွင် ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။

မလေးရှား ဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်က မလေးရှားတွင် ရောက်ရှိနေသည့် ရိုဟင်ဂျာ ဒုက္ခသည် ၂၀၀,၀၀၀ ကျော်ကို အကန့်အသတ်မရှိ ဆက်လက် ထားရှိရန် ဆန္ဒမရှိကြောင်းနှင့် အဆင့်လိုက် နေရပ်ပြန်ပို့နိုင်ရေးအတွက် မြန်မာစစ်အစိုးရ ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်ဆွေးနွေးသွားမည်ဟု မကြာသေးမီက ပြောကြားခဲ့ပါတယ်။ ထို့အပြင် အဆိုပါ ဒုက္ခသည် အကျပ်အတည်းမှာ ယခင် ဝန်ကြီးချုပ် နာဂျစ် ရာဇတ် (Najib Razak) လက်ထက်ကတည်းက စတင်ခဲ့သည့် ပြဿနာဖြစ်သည်ဟုလည်း အပြစ်တင်ခဲ့ပါတယ်။

ရှေ့နေ လာသီဖာ က အန်နဝါ၏ ပြောဆိုချက်များသည် နိုင်ငံခြားသား မုန်းတီးရေးဝါဒီများ၏ အမုန်းစကားများကို ထပ်ဆင့်လိုက်နာခြင်းသာဖြစ်ပြီး စစ်မှန်သည့် ပြုပြင်ပြောင်းလဲရေးသမား မည်သူမျှ ဒုက္ခရောက်နေသူများအပေါ် ယခုကဲ့သို့ ပြောဆိုမည် မဟုတ်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။ ၎င်းက “အန်နဝါ အနေနဲ့ သူ့ဆုံးဖြတ်ချက်ကို ပြန်မရုပ်သိမ်းဘူးဆိုရင် သမိုင်းနဲ့ နောင်လာနောက်သားတွေက ဒီနိုင်ငံရဲ့ အမည်းစက်အဖြစ် ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချကြပါလိမ့်မယ်” ဟု ပြောဆိုခဲ့ပါတယ်။

အန်နဝါ သည် ၂၀၁၆ ခုနှစ် ထောင်ကျနေစဉ်အတွင်း ရိုဟင်ဂျာများအား ကူညီပေးရန် နာဂျစ်ထံ တောင်းဆိုခဲ့ဖူးသော်လည်း ယခုအခါ အာဏာရလာချိန်တွင် တာဝန်မဲ့စွာ အပြစ်လွှဲချပြီး ဒုက္ခသည်များကို နိုင်ငံရေး အမြတ်ထုတ်ရာတွင် အသုံးချနေသည်ဟု လာသီဖာ က စွပ်စွဲခဲ့ပါတယ်။ ရိုဟင်ဂျာ ပြဿနာသည် နာဂျစ် အာဏာမရမီကတည်းက ရှိခဲ့သည့် ကိစ္စဖြစ်သည်ဟုလည်း ထောက်ပြခဲ့ပါတယ်။

မြန်မာ စစ်အစိုးရနှင့် သံတမန်ရေးအရ ဆွေးနွေးမည့် အန်နဝါ၏ ရပ်တည်ချက်ကို မေးခွန်းထုတ်ရာတွင် လာသီဖာ က “ဒီလို ကျိုးကြောင်းဆင်ခြင်မှုအတိုင်းဆိုရင် အန်နဝါ အနေနဲ့ ပါလက်စတိုင်းတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေကို အဆုံးသတ်ဖို့အတွက် အစ္စရေး အစိုးရနဲ့လည်း သံတမန်ရေးအရ ညှိနှိုင်းဆွေးနွေးမှာလား” ဟု ပြင်းပြင်းထန်ထန် မေးခွန်းထုတ်ခဲ့ပါတယ်။

Source – Sin Chew Daily