မတ် ၂၁
The Kaladan Post
အီရန်နိုင်ငံမှာ ဆင်နွှဲနေတဲ့ စစ်ဆင်ရေးတွေကို အရှိန်လျှော့ချသွားဖို့ စဉ်းစားနေပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောလာပါတယ်။
ကမ္ဘာတစ်လွှား လောင်စာဆီ အကျပ်အတည်းတွေ ဖြစ်လာလို့ အမေရိကန်အစိုးရက အီရန်ရေနံတွေအပေါ် ပိတ်ဆို့ထားတာကို ယာယီ ကင်းလွတ်ခွင့်ပေးမယ်လို့ ကြေညာအပြီး မတ်လ ၂၀ ရက်နေ့မှာပဲ ထရမ့်က အီရန်အပေါ် တိုက်ခိုက်မှုတွေကို တစ်ဆင့်ချင်းစီ လျှော့ချသွားမယ့် အကြောင်းကို ထုတ်ပြောလာတာပါ။
အဲဒီနေ့မှာပဲ အီရန်ဘက်ကလည်း အစ္စရေးနဲ့ ဆော်ဒီအာရေးဘီးယား ပိုင်နက်တွေဆီကို ဒရုန်းတွေ၊ ဒုံးကျည်တွေ အများကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အီရန်အစိုးရ အဓိပတိ မော့ဂျ်တာဘာ ခါမေနီက “ကျွန်တော်တို့ဟာ ရန်သူနိုင်ငံတွေကို ယိမ်းယိုင်သွားအောင် ထိုးနှက်နိုင်ခဲ့ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ ထရမ့်ကတော့ သူ့ရဲ့ ကိုယ်ပိုင် လူမှုကွန်ရက်ဖြစ်တဲ့ Truth Social မှာ “အမေရိကန်အနေနဲ့ စစ်ဆင်ရေး ရည်မှန်းချက်တွေ အားလုံး ပြည့်မြောက်ဖို့ အရမ်းကို နီးစပ်နေပါပြီ။ ဒါကြောင့် အရှေ့အလယ်ပိုင်းဒေသထဲက ထူးကဲတဲ့ စစ်ရေးအားထုတ်မှုတွေကို လျှော့ချဖို့ စဉ်းစားနေပါပြီ” လို့ ရေးသားခဲ့ပါတယ်။ ဒါဟာ ဖေဖော်ဝါရီ ၂၈ ရက်နေ့က အစ္စရေးနဲ့ပေါင်းပြီး အီရန်ကို စတင်တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲကို အဆုံးသတ်တော့မယ်ဆိုတဲ့ သဘောမျိုး အနီးစပ်ဆုံး အရိပ်အမြွက် ပြလိုက်တာပဲ ဖြစ်ပါတယ်။
ထရမ့်ရဲ့ စာထွက်လာပြီး မကြာခင်မှာပဲ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး ကာရိုလိုင်း လီယာဗစ်ကလည်း X (ယခင် Twitter) ပေါ်မှာ အခုလို ရေးသားခဲ့ပါတယ်။ “သမ္မတနဲ့ ပင်တဂွန်စစ်ဌာနချုပ်တို့က အခုစစ်ရေးမစ်ရှင်တွေ အောင်မြင်ဖို့ သီတင်း ၄ ပတ်ကနေ ၆ ပတ်အထိ အချိန်ယူရမယ်လို့ ကြိုမှန်းထားခဲ့တာပါ။ အခု မတ်လ ၂၁ ရက်နေ့ဆိုရင် စစ်ဆင်ရေးက ၃ ပတ်ပြည့်ပြီဖြစ်ပြီး အမေရိကန်တပ်တွေက ထူးကဲတဲ့ စွမ်းဆောင်မှုတွေကို ပြသနိုင်ခဲ့ပါတယ်။”
ဒါ့အပြင် လီယာဗစ်က “အီရန်အစိုးရဟာ တစ်ရက်ပြီးတစ်ရက် ပိုပိုပြီး အင်အားဆုတ်ယုတ် ချိနဲ့လာနေပါပြီ။ အမေရိကန်နဲ့ မဟာမိတ်တွေကို အီရန်ရဲ့ ခြိမ်းခြောက်နိုင်စွမ်းကလည်း သိသိသာသာကို အားနည်းသွားပါပြီ” လို့လည်း သုံးသပ်ထားပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကို ခံရပြီးနောက်မှာ အီရန်က နိုင်ငံတောင်ပိုင်းမှာရှိတဲ့ ကမ္ဘာ့ရေနံတင်ပို့မှုအတွက် အရမ်းအရေးပါတဲ့ ဟောမုဇ်ရေလက်ကြားကို ပိတ်ချလိုက်တဲ့အတွက် အခုလို ကမ္ဘာ့စွမ်းအင် အကျပ်အတည်းတွေ ဖြစ်လာခဲ့ရတာပါ။ ဒါနဲ့ ပတ်သက်လို့ ထရမ့်က “ဟောမုဇ်ရေလက်ကြားကို ပြန်ဖွင့်ဖို့နဲ့ ရေကြောင်းသွားလာမှုတွေ လုံခြုံဘေးကင်းဖို့ဆိုတာ အဲဒီရေလမ်းကြောင်းကို သုံးနေတဲ့ နိုင်ငံတိုင်းရဲ့ တာဝန်သာဖြစ်ပြီး အမေရိကန်နဲ့ မဆိုင်ပါဘူး” လို့ Truth Social မှာ ရေးသားထားပါတယ်။
“ဟောမုဇ်ရေလက်ကြားကို စောင့်ရှောက်ဖို့၊ ကင်းလှည့်ဖို့ ဆိုတဲ့တာဝန်ကို သုံးစွဲနေတဲ့ တခြားနိုင်ငံတွေကပဲ ယူရမှာပါ။ အမေရိကန် ယူရမယ့်တာဝန် မဟုတ်ပါဘူး။ အဲဒီနိုင်ငံတွေက အကူအညီတောင်းလာရင်တော့ ကူညီပေးမှာပါ။ အီရန်ရဲ့ ခြိမ်းခြောက်မှုတွေကို ရှင်းလင်းပစ်နိုင်ပြီ ဆိုရင်တော့ ဒီလိုစောင့်ကြပ်နေဖို့တောင် မလိုတော့ပါဘူး။ ဒါဟာ သူတို့အတွက် လွယ်ကူတဲ့ စစ်ရေးမစ်ရှင်တစ်ခုလောက်ပါပဲ” လို့ ထရမ့်က မှတ်ချက်ပေးပါတယ်။
မတ်လ ၂၀ ရက်နေ့ အိမ်ဖြူတော်မှာ သတင်းထောက်တွေနဲ့ တွေ့တဲ့အခါမှာတော့ ထရမ့်က အီရန်စစ်ပွဲမှာ အမေရိကန်က နိုင်သွားပြီလို့ သူယူဆကြောင်း ပြောပါတယ်။ အမေရိကန်ဘက်ကနေ အပစ်အခတ်ရပ်စဲဖို့ စတင်ကမ်းလှမ်းစရာ အကြောင်းမရှိဘူးလို့လည်း သူက ဆိုပါတယ်။
“တစ်ဖက်ကို အမှန်တကယ် ချေမှုန်းထားနိုင်ပြီဆိုရင် ကိုယ့်ဘက်ကနေ အပစ်ရပ်ဖို့ ကမ်းလှမ်းစရာ မလိုဘူးဆိုတာ အားလုံး သဘောပေါက်ကြမှာပါ” လို့ ထရမ့်က ပြတ်ပြတ်သားသား ပြောပါတယ်။
နောက်ဆုံးအနေနဲ့ ထရမ့်က အမေရိကန်ဟာ အီရန်အစိုးရနဲ့ စကားပြောဖို့ ဆန္ဒရှိပေမဲ့ “အီရန်ခေါင်းဆောင်ပိုင်းတွေနဲ့ ထိပ်ပိုင်းအရာရှိတွေ အားလုံး သေကုန်ကြပြီဖြစ်လို့ စကားပြောရမယ့်သူတောင် မရှိတော့ပါဘူး” လို့ လှောင်ပြောင် သရော်တဲ့လေသံနဲ့ မှတ်ချက်ပေးသွားခဲ့ပါတယ်။
ကိုးကား: AFP
ဓာတ်ပုံ – AP