စက်တင် ၁၁၊ ၂၀၂၆
The Kaladan Post
ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ်၏ ဖိတ်ကြားချက်အရ ရွေးတုသမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ကမ္ဘောဒီးယားနိုင်ငံသို့ စက်တင်ဘာလ ၁၁ ရက် ယနေ့ နံနက်ပိုင်းတွင် ရောက်ရှိသွားပါတယ်။
ရွေးတုသမ္မတ လိုက်ပါလာသည့် အထူးလေယာဉ်သည် ဖနောင်ပင်မြို့ရှိ Techo အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာရာ ကမ္ဘောဒီးယား ရေအရင်းအမြစ်နှင့် မိုးလေဝသဝန်ကြီးဌာန ဝန်ကြီး H.E. Mr. THOR Chetha ဦးဆောင်သည့် အစိုးရအဖွဲ့ အရာရှိကြီးများနှင့် သံတမန်များက ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။ ဂုဏ်ပြုတပ်ဖွဲ့က ကော်ဇောနီ၏ တစ်ဖက်တစ်ချက်စီတွင် နေရာယူ အလေးပြုပြီး ကလေးငယ်များကလည်း ဂုဏ်ပြုပန်းစည်း ကမ်းကာ ကြိုဆိုခဲ့ကြပါတယ်။
ကမ္ဘောဒီးယား ဘုရင်မင်းမြတ် နိုရိုဒွန် သီဟာမိုနီ ၏ ဖိတ်ကြားချက်အရ သွားရောက်သည့် ယခု ခရီးစဉ်အတွက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် လေဆိပ်မှ ထွက်ခွာခဲ့ခြင်း ဖြစ်ပါတယ်။ နေပြည်တော် လေဆိပ်တွင် ဒုတိယရွေးတုသမ္မတများဖြစ်ကြတဲ့ ဦးညိုစော၊ ဒေါ်နန်းနီနီအေး၊ ရွေးတုလွှတ်တော်ဥက္ကဋ္ဌများနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး အပါအဝင် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြပါတယ်။
အဆိုပါ ခရီးစဉ်တွင် ဦးမင်းအောင်လှိုင်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးတင်မောင်ဆွေ၊ ဒေါက်တာ ကံဇော်၊ ဦးမောင်မြင့်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော် အရာရှိကြီးများ လိုက်ပါသွားကြပါတယ်။
ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌ (ယာယီနိုင်ငံတော် အကြီးအကဲ) နှင့် တွေ့ဆုံဆွေးနွေးမည့်အပြင် ဝန်ကြီးချုပ်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့နှင့်လည်း တွေ့ဆုံသွားမည် ဖြစ်ပါတယ်။ ဆွေးနွေးပွဲများတွင် နှစ်နိုင်ငံ အစိုးရ၊ လွှတ်တော်နှင့် ပြည်သူများအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ကဏ္ဍပေါင်းစုံ ဆက်ဆံရေး ခိုင်မာစေရေးတို့ကို ဆွေးနွေးမည်ဖြစ်ပြီး အထင်ကရ နေရာများနှင့် ရှေးဟောင်းဘုရားများကိုလည်း ဖူးမြော်သွားမည် ဖြစ်ပါတယ်။
Source – ပြန်ကြားရေးဝန်ကြီးဌာန