ဇွန် ၂၄၊ ၂၀၂၆

The Kaladan Post

 

တရုတ်နိုင်ငံမှာ LGBTQ+ အရေး တက်ကြွလှုပ်ရှားမှုတွေကြောင့် အပြစ်ပေးအရေးယူခံရနိုင်တဲ့ ရှန်ချီ ချန် (Xiangqi Chen) ဆိုတဲ့ အမျိုးသမီးဟာ အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမြို့က သမိုင်းအရှည်ကြာဆုံး တရုတ်တန်း (Chinatown) မှာတော့ သူမရဲ့ LGBTQ+ အနုပညာပြတိုက်ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီး ရှေ့ဆောင်လမ်းပြတစ်ဦးအဖြစ် ချီးကျူးခံနေရပါတယ်။

“OUT Museum” လို့ အမည်ပေးထားတဲ့ ဒီပြတိုက်ကို အာရှအမေရိကန် ပစိဖိတ်ကျွန်းသားများ အမွေအနှစ်လ (Asian American Pacific Islander Heritage Month) နဲ့ Pride Month ကြားကာလဖြစ်တဲ့ မေလကုန်ပိုင်းမှာ သက်တံ့ရောင်ဖဲကြိုးဖြတ်ပြီး စတင်ဖွင့်လှစ်ခဲ့တာပါ။ ပြတိုက်ကို တရုတ်-အင်္ဂလိပ် နှစ်ဘာသာနဲ့ ပြသထားပြီး တရုတ်နဲ့ တရုတ်နွယ်ဖွား LGBTQ+ အနုပညာရှင်တွေရဲ့ ဓာတ်ပုံတွေ၊ မဂ္ဂဇင်းတွေနဲ့ သူတို့ရဲ့ ကိုယ်ပိုင်ဘဝခရီးလမ်းတွေကို ဖော်ပြထားတဲ့ အပြန်အလှန်ချိတ်ဆက်နိုင်တဲ့ ပြကွက်တွေ ပါဝင်ပါတယ်။ လောလောဆယ်မှာတော့ စနေနေ့ တစ်ရက်တည်းသာ ဖွင့်လှစ်ထားသေးပေမယ့် နောက်ပိုင်းမှာ ပြကွက်တွေနဲ့ ဖွင့်ရက်တွေကို တိုးချဲ့သွားဖို့ ရည်ရွယ်ထားပါတယ်။

ဒီပြတိုက်ဖွင့်လှစ်နိုင်ဖို့အတွက် ချန် ဟာ လွန်ခဲ့တဲ့ ၆ နှစ်ကတည်းက တရုတ်နိုင်ငံမှာရှိနေစဉ် Kickstarter ကနေ ရန်ပုံငွေရှာဖွေခဲ့တာပါ။ ၂၀၂၂ ခုနှစ်မှာ အမေရိကန်ကို J-1 ဗီဇာနဲ့ ရောက်ရှိလာခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်အရောက်မှာတော့ ဆန်ဖရန်စစ္စကိုမြို့က တရုတ်ယဉ်ကျေးမှုစင်တာရဲ့ ကူညီပံ့ပိုးမှုနဲ့ အခုလို အကောင်အထည်ဖော်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ချန် က “ဆန်ဖရန်စစ္စကို တရုတ်တန်းမှာ ကျွန်မရဲ့ ခရီးစဉ်ကို ဆက်လက်လျှောက်လှမ်းနိုင်ခဲ့ပြီး စိတ်တူကိုယ်တူ လူမှုအသိုင်းအဝိုင်းနဲ့ သူငယ်ချင်းများစွာကို တွေ့ဆုံခွင့်ရခဲ့ပါတယ်။ ဒါက ကျွန်မရဲ့ ရည်မှန်းချက်နဲ့ တာဝန်ကို ဆက်လက်လုပ်ဆောင်ဖို့ ခွန်အားနဲ့ အားပေးမှုတွေ အများကြီးရရှိစေပါတယ်။” လို့ စကားပြန်ကတစ်ဆင့် Associated Press (AP) သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ဒီပြတိုက်မှာ ပါဝင်ပြသခွင့်ရတဲ့ ဟောင်ကောင်ဖွား အနုပညာရှင် ဒစ်ဆွန် ငိုင်း (Dixon Ngai) ကလည်း တရုတ် LGBTQ+ အသိုင်းအဝိုင်းရဲ့ အတွေ့အကြုံတွေကို သီးသန့်ဖော်ပြခွင့်ရတဲ့ ဒီပြတိုက်ဟာ သူတို့ရဲ့ အသံတွေကို လူပိုသိလာစေဖို့ အခွင့်အရေးတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ ပြတိုက်ဖွင့်လှစ်ပြီးကတည်းက ဆယ်စုနှစ်ပေါင်းများစွာ ကယ်လီဖိုးနီးယားမှာ နေထိုင်ခဲ့ကြတဲ့ တရုတ်ရွှေ့ပြောင်းနေထိုင်သူတွေဆီကနေ မမျှော်လင့်ထားတဲ့ တုံ့ပြန်မှုတွေ ရရှိခဲ့တာကြောင့် သူမအနေနဲ့ “ရာနှုန်းပြည့် စိတ်လှုပ်ရှားကြည်နူးရတယ်” လို့ ချန် က ဆိုပါတယ်။

ပြတိုက်အကြံပေးအဖွဲ့ဝင်ဖြစ်သူ စာရေးဆရာမ ဟယ်လင် ဇီယာ (Helen Zia) ကလည်း ဒီပြတိုက်ဟာ တရုတ်၊ တရုတ်-အမေရိကန်နဲ့ အာရှ-အမေရိကန် LGBTQ+ တွေရဲ့ ဖြစ်တည်မှုကို ပိုမိုထင်ရှားလာစေတယ်လို့ မှတ်ချက်ပြုပါတယ်။ သူမက “ကျွန်မတို့ရဲ့ လူသားဆန်မှုကို ကြည့်ပါ။ ဒါက ကျွန်မတို့ ဖန်တီး၊ စိတ်ကူးယဉ်ပြီး ကမ္ဘာကြီးအတွက် ပံ့ပိုးပေးနေတဲ့ လှပတဲ့ အနုပညာတွေပါပဲ” လို့ ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ LGBTQ+ တွေဟာ ခွဲခြားဆက်ဆံမှုတွေနဲ့ အများပြည်သူရှေ့ ထွက်ခွင့်မရတဲ့ အခြေအနေတွေကို ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ ချန် ဟာ ရှန်ဟိုင်းမှာနေစဉ်က လက်စ်ဘီယံ (Lesbian) တွေအတွက် စင်တာတစ်ခုကို ဖွင့်လှစ်ခဲ့ပေမယ့် ကပ်ရောဂါကာလအတွင်း အစိုးရရဲ့ နှိမ်နင်းမှုတွေကြောင့် အမေရိကန်ကို ထွက်ခွာလာခဲ့ရတာပါ။ လက်ရှိ အမေရိကန်မှာလည်း ဒေါ်နယ်ထရမ့် အစိုးရလက်ထက်အတွင်း LGBTQ+ အခွင့်အရေးတွေ ခြိမ်းခြောက်ခံနေရပေမယ့် ဒီနေရာက လူမှုပတ်ဝန်းကျင်ဟာ သူတို့အတွက်တော့ လွတ်လပ်မှုအငွေ့အသက်ကို ခံစားရစေတယ်လို့ အနုပညာရှင် ငိုင်း က ဆိုပါတယ်။ ချန် ကတော့ လာမယ့် တနင်္ဂနွေနေ့မှာ ကျင်းပမယ့် ဆန်ဖရန်စစ္စကို Pride Parade ပွဲမှာ ကန်တုံအော်ပရာက အမျိုးသမီးစစ်သည်တော် ဝတ်စုံနဲ့ ပထမဆုံးအကြိမ် ဂုဏ်ယူစွာ ပါဝင်ဆင်နွှဲသွားဖို့ ရှိနေပါတယ်။

သတင်း Source: AP News