စက်တင် ၁၄၊ ၂၀၂၆
The Kaladan Post
ပြီးခဲ့သည့် ဧပြီလတွင် ရွေးတုသမ္မတအဖြစ် တာဝန်ယူခဲ့ပြီးနောက် မြန်မာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် နိုင်ငံတကာ အထီးကျန်မှုမှ ရုန်းထွက်ပြီး တရားဝင်မှု ရရှိရန်အတွက် ၅ လအတွင်း ၆ နိုင်ငံသို့ သွားရောက်ကာ သံတမန်ရေး ထိုးဖောက်မှုများ အရှိန်မြှင့် ဆောင်ရွက်နေပါတယ်။
မင်းအောင်လှိုင်သည် မကြာသေးမီက ဗီယက်နမ်နိုင်ငံသို့ သုံးရက်ကြာ သွားရောက်ခဲ့ပြီး ကာကွယ်ရေးနှင့် လုံခြုံရေး ဆက်ဆံရေး မြှင့်တင်ရန် သဘောတူခဲ့ပါတယ်။ ယင်းသည် အိန္ဒိယ၊ တရုတ်၊ လာအို၊ ထိုင်း၊ ရုရှားနှင့် ဗီယက်နမ်တို့ပြီးနောက် ၎င်း၏ ၆ ကြိမ်မြောက် ပြည်ပခရီးစဉ်ဖြစ်ပြီး လာမည့် သောကြာနေ့တွင် ကမ္ဘောဒီးယားနိုင်ငံသို့ ၇ နိုင်ငံမြောက် ခရီးစဉ်အဖြစ် သွားရောက်ရန် ရှိနေပါတယ်။
ဩစတြေးလျအခြေစိုက် Lowy Institute မှ အရှေ့တောင်အာရှ အစီအစဉ် အကြီးအကဲ ဟန်တာ မာစတန် (Hunter Marston) က “ဒေသတွင်း မိတ်ဆွေတွေဆီ သွားတဲ့ ခရီးစဉ်တိုတွေ ဖြစ်နေရင်တောင် ဒါဟာ မိတ်ဖက် ဆက်ဆံရေးတွေကို နည်းလမ်းစုံနဲ့ တိုးချဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေး ပုံမှန်ဖြစ်လာစေဖို့ နေပြည်တော်ရဲ့ မဟာဗျူဟာကို အရှိန်မြှင့်တင်နေတာကို ပြသနေပါတယ်” ဟု သုံးသပ်ထားပါတယ်။
အမေရိကန် သံအမတ်ကြီးဟောင်း စကော့မာစီရယ် (Scot Marciel) ကမူ စစ်အစိုးရသည် ထိတွေ့ဆက်ဆံမှုများမှတစ်ဆင့် တရားဝင်မှု ရရှိရန် မျှော်လင့်နေသော်လည်း မြန်မာပြည်သူများအကြားတွင်မူ မည်သည့် တရားဝင်မှုမျှ မရရှိသေးကြောင်း ထောက်ပြခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းစစ်ကြောင့် လူပေါင်း ၁၀၀,၀၀၀ ခန့် သေဆုံးခဲ့ရပြီး ၃ သန်းကျော် နေရပ်စွန့်ခွာခဲ့ရကာ လူ့အခွင့်အရေး အခြေအနေများမှာလည်း အဆိုးရွားဆုံး ကျဆင်းနေပါတယ်။
အာဆီယံ အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် မလေးရှား၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့က စစ်ကောင်စီ ခေါင်းဆောင်များအား ထိပ်သီးအစည်းအဝေးများ တက်ရောက်ခွင့်ကို ဆက်လက် ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။ အနောက်နိုင်ငံများကလည်း အဆိုပါ အစိုးရအပေါ် ပြင်းထန်သော ပိတ်ဆို့အရေးယူမှုများကို ဖြေလျှော့ပေးမည့် အလားအလာ မရှိသလောက် နည်းပါးနေဆဲ ဖြစ်ကြောင်း အကဲခတ်များက ဆိုပါတယ်။
Source – INQUIRER.net